Monday, March 30, 2009

အမရွှေပြည်သူရဲ့ကဗျာလေးပါ။ခံစားမိလို့တင်လိုက်တယ်။

ဦးနှောက်ချစ်သူ

မချစ်သင့်ဘူး ချစ်သင့်တယ် ဆိုတာထက်
မဖြစ်သင့်ဘူး ဖြစ်သင့်တယ် သက်သက်ကိုပဲ
မက်မက်မောမော တွေးဖြစ်ခဲ့လို့
ကိုယ့်အတိတ်ရဲ့ အနှေးပြကွက်တွေတောင်
အရောင်တွေ ဝေးလွင့်ဖူးခဲ့ပြီ...

အခုလည်း အရောင်တွေချယ်ချင်လှပေမယ့်
ခေါင်းထဲမှာ တ၀ဲလည်လည်ရယ်က
“မဖြစ်သင့်ဘူး ဖြစ်သင့်တယ်”ရဲ့
“မဖြစ်သင့်ဘူး... မဖြစ်သင့်ပါဘူး” တဲ့ကွယ်...

နောက်ဆုံးတော့
ကိုယ်ဟာ
အရောင်တွေနဲ့ ဝေးဝေးနေသင့်တဲ့သူပဲလို့
စွဲစွဲမြဲမြဲမှတ်ရင်း...
နောင်တ နည်းနည်းနဲ့
ခပ်ရဲရဲ နောက်တစ်လှမ်းဆုတ်လိုက်တယ်...

နှလုံးသားကတော့
“မချစ်သင့်ဘူး ချစ်သင့်တယ်“ မေးခွန်းလေးပိုက်ပြီး
အမိုက်အမဲလေးပီပီ ငိုလို့ယိုလို့...
ကိုယ့်ကို စိတ်နာတကြီး စိုက်ကြည့်လို့...

ငိုလိုက်စမ်းပါ နှလုံးသားရယ်...
အင်း... ဘာလိုလိုနဲ့
မင်းနဲ့ကိုယ်...
တစ်ယောက်ကိုတစ်ယောက်
ခွင်မလွှတ်နိုင်ခဲ့တဲ့ ကာလတွေ
တကယ်ကို ကြာခဲ့ပြီပဲနော်...

ရွှေပြည်သူ

Friday, March 27, 2009

အလွတ်ထဲက ကြိုက်မိတဲ့စာသားလေး

တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။

မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို တစ်ခါမှ မတွေးခဲ့မိဘူး။
လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ
ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ ဘာကြောင့်
ငါတို့တွေ့ဆုံခဲ့ကြသလဲ?
ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း
အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား
လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။
တွ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ နင်ရှိခဲ့တယ်၊
ငါရှိခဲ့တယ်။

တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် .... တွေ့ဆုံခြင်းပါတဲ့။
ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ ရှိခဲ့ကြတယ်ဆိုတာကို
အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊
အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။ တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ
လမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ
ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။

တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက်
ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။

ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊ အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့....

Monday, March 23, 2009

စကားလုံးများဖြင့် မထိခိုက်နှိင်

သူတစ်ပါးကို မတရားလုပ်သည်ဖြစ်စေ တိုက်ခိုက်လုယက်သည်ဖြစ်စေ
မိမိအမှတ်တရ မဖြစ်မနေသမျှ ကာလပတ်လုံး မထိခိုက်နှိင်ချေ။ဟု
တရုတ်ပည်ရှင်ကြီး ကွန်ဖြူးရှပ်ကဆိုဖူးလေသည်။
စင်စစ်အားဖြင့်မည်သူက မည်သို့ပင်နှိမ်စေကာမူ မိမိကအားငယ်စရာ
အကြောင်းမရှိချေ။ မည်သူကမည်မျှပင် ပုတ်ခတ်တိုက်ခိုက်သော်ငြားလည်း
မိမိတို့အဖို့ အနှောင့်အယှက်ဖြစ်ဖို့လမ်းမရှိချေ။ မိမိတို့ကအရေးတယူလုပ်မှ
သာထိခိုက်နှိင်စရာ အကြောင်းလမ်းရှိချေသည်။တုတ်များ ခဲများဖြင့်ပစ်လိုက်လျှင်
ကျွန်ုပ်၏အရိုးများထိခိုက် နာကျင်ဖွယ်ရှိသည်မှန်သော်လည်း စကားလုံးဖြင့်ကား
ကျွန်ုပ်တို့မထိခိုက်နှိင် ဟူသောစကားတစ်ရပ်ကို မှတ်သားအပ်၏။

Wednesday, March 18, 2009

အဆိုးနဲ့အကောင်း

အဆိုးနဲ့အကောင်း နှစ်ဖက်ရှိသောလောကတွင် အဆိုးတစ်ဖက်တည်းမှသာ
ရူကြည့်မည်ဆိုလျှင် တရားမျှတရာရောက်မည် မဟုတ်ပေ။မိမိကိုယ်ပေါ်၌ပင်
မိမိမလိုလားသော အချက်များရှိပေလိမ့်မည်။ထိုမျှသာမက အခြားသူများကလည်း
မိမိကိုရူကြည့်ကာ လူလောကကိုစိတ်နာစိတ်ပျက် နေမည်လားမသိရပေ။
အခြားသူ၏အမြင်တွင် သင်သည်လူ့ဂွစာ၊လူကပ်၊တစ်ကိုယ်ကောင်းသမားဖြစ်နေမည်
ဆိုလျှင်လည်း ပြုပြင်ရပေလိမ့်မည်။
ကျွန်ုပ်တို့သည် လူမူလောကနှင့်ဆက်ဆံရာတွင် လူ့အကြောင်းကိုလေ့လာရန်လိုပေ
သည်။ထိတွေ့ဆက်ဆံရသောသူများ၏ စိတ်နေသဘောထားများ မျှော်မှန်းချက်များ
ကိုလည်းသိအောင် ပြုရပေမည်။ လူသည်သက်ရှိသတ္တ၀ါဖြစ်၍ စိတ်နှင့်စရိုက်တို့က
ရွေ့ရှားလူပ်ရှားနေသူဖြစ်သောကြောင့် အကဲခတ်ရသည်မှာခက်ခဲမြဲဖြစ်လေသည်။
ထိုမျှသာမက လူတို့သည် လျှို့ဝှက်တတ်သောသဘောများကလည်း ရှိပေသေးသည်။
လူဆိုးကိုလူကောင်းဟူ၍ အမြင်မမှားရန်လိုပေသည်။
အချို့သောလူတို့သည် အဆိုးကိုသာမြင်လွယ်၍ ဘ၀တွင်ဆိုးသောအရာများကိုသာ
ရွေးထုတ်၍ သည်းတွားအလိုမကျဖြစ်နေတတ်ပေသည်။ လောကတွင်တွေ့မြင်သမျှ
ဘာမျှစိတ်တိုင်းမကျဘဲလည်း ရှိတတ်သည်။တစ်ခါတစ်ရံ ဒေါသဖြစ်နေသောသူသည်
ကြုံတွေ့ရသမျှကို မကျေနပ်ပဲရှိနေတတ်ပေသေးသည်။ စင်စစ်အားဖြင့်လောကတွင်
မည်သည့်အခါမျှ အားရကျေနပ်ရန် မလွယ်ကူပေ။မည်မျှကောင်းသောအရာဖြစ်စေ
ကာမူမကျေနပ်စရာရှာဖွေ၍ရပေသည်။ အကောင်းတိုင်းတွင်အဆိုးရှိတတ်ပေသည်။
သန်းခေါင်လွန်လျှင် နံနက်အလင်းသို့ပြန်၍ ရောက်ရလေသည်။တောင်ထိပ်လွန်လျှင်
တောင်အဆင်းကိုတွေ့ရပေမည်။ တစ်ခု၏အဆုံးတွင် အခြားတစ်ခု၏အစကိုဆိုက်ရောက်
ကြရတတ်ပေသည်။ထို့ကြောင့် မိမိဘ၀တွင်အဆိုးကို ကြုံတွေ့ရလျှင်လည်းစိတ်ပျက်အား
ငယ်ရန်မလိုပေ။
အဆိုးထဲ၌ရှိစဉ် အကောင်းအတွက်အားတတ်မျှော်လင့်နေရမည်ဖြစ်ပြီးအကောင်းထဲရှိစဉ်
အဆိုးကိုခံနှိင်ရန်လည်း အသင့်ပြင်ပြီးရှိရပေမည်။