Monday, March 30, 2009

အမရွှေပြည်သူရဲ့ကဗျာလေးပါ။ခံစားမိလို့တင်လိုက်တယ်။

ဦးနှောက်ချစ်သူ

မချစ်သင့်ဘူး ချစ်သင့်တယ် ဆိုတာထက်
မဖြစ်သင့်ဘူး ဖြစ်သင့်တယ် သက်သက်ကိုပဲ
မက်မက်မောမော တွေးဖြစ်ခဲ့လို့
ကိုယ့်အတိတ်ရဲ့ အနှေးပြကွက်တွေတောင်
အရောင်တွေ ဝေးလွင့်ဖူးခဲ့ပြီ...

အခုလည်း အရောင်တွေချယ်ချင်လှပေမယ့်
ခေါင်းထဲမှာ တ၀ဲလည်လည်ရယ်က
“မဖြစ်သင့်ဘူး ဖြစ်သင့်တယ်”ရဲ့
“မဖြစ်သင့်ဘူး... မဖြစ်သင့်ပါဘူး” တဲ့ကွယ်...

နောက်ဆုံးတော့
ကိုယ်ဟာ
အရောင်တွေနဲ့ ဝေးဝေးနေသင့်တဲ့သူပဲလို့
စွဲစွဲမြဲမြဲမှတ်ရင်း...
နောင်တ နည်းနည်းနဲ့
ခပ်ရဲရဲ နောက်တစ်လှမ်းဆုတ်လိုက်တယ်...

နှလုံးသားကတော့
“မချစ်သင့်ဘူး ချစ်သင့်တယ်“ မေးခွန်းလေးပိုက်ပြီး
အမိုက်အမဲလေးပီပီ ငိုလို့ယိုလို့...
ကိုယ့်ကို စိတ်နာတကြီး စိုက်ကြည့်လို့...

ငိုလိုက်စမ်းပါ နှလုံးသားရယ်...
အင်း... ဘာလိုလိုနဲ့
မင်းနဲ့ကိုယ်...
တစ်ယောက်ကိုတစ်ယောက်
ခွင်မလွှတ်နိုင်ခဲ့တဲ့ ကာလတွေ
တကယ်ကို ကြာခဲ့ပြီပဲနော်...

ရွှေပြည်သူ

No comments:

Post a Comment