အဆိုးနဲ့အကောင်း နှစ်ဖက်ရှိသော လောကတွင် အဆိုးတစ်ဖက်တည်းမှ သာရူကြည့်မည်ဆိုလျှင်တရားမျှတရာ ရောက်မည်မဟုတ်ပေ။ မိမိကိုယ်ပေါ်တွင်ပင် မိမိမလိုလားသော အချက်များရှိပေလိမ့်မည်။ ထိုမျှသာမက အခြားသူများကလည်း မိမိကိုကြည့်ကာ လူ့လောကကို စိတ်နာ စိတ်ပျက်နေမည်လား မသိရပေ။ အခြားသူ၏ အမြင်တွင် သင်သည်လူ့ဂွစာ၊ တစ်ကိုယ်ကောင်းသမား ဖြစ်နေမည် ဆိုလျှင်လည်း ပြုပြင်ရပေလိမ့်မည်။ လူ့လောကနှင့်ဆက်ဆံရာတွင် လူ့အကြောင်းကို လေ့လာရန် လိုပေသည်။ ကျွန်ုပ်တို့အား ထိတွေ့ဆက်ဆံလာသော လူများ၏ စိတ်နေသဘောထားများ၏ မျှော်မှန်းချက်များကိုလည်း သိအောင်ပြုရပေမည်။ လူသည်သက်ရှိ သတ္တ၀ါဖြစ်ပြီး စိတ်နှင့်စရိုက်တို့က ရွေ့လျားလူပ်ရှားနေသူဖြစ်သောကြောင့် အကဲခတ်ရသည်မှာ ခက်ခဲမြဲဖြစ်လေသည်။ ထိုမျှမက လူများစွာတို့သည် ဟန်ဆောင်တတ်သောသဘော၊ လျှို့ဝှက်တတ်သောသဘော များကလည်း ရှိပေသေးသည်။ ကျွန်ုပ်တို့သည် လူဆိုးကိုလူကောင်း၊ လူကောင်းကို လူဆိုးဆိုပြီးအမြင်မမှားရန် လိုအပ်ပေသည်။လူအများနှင့် ဆက်ဆံရာတွင်သတိပြုသင့်သော အချက်များစွာရှိပေသည်။ အချို့သောသူတို့သည် အဆိုးကိုသာ မြင်လွယ်တတ်ပြီး ဘ၀တွင်ဆိုးသောအရာများကိုသာ ရွေးထုတ်ပြီး ညည်းတွားအလိုမကျဖြစ်နေတတ်ပေသည်။လောကတွင် တွေ့မြင်သမျှ ဘာမှစိတ်တိုင်းမကျဘဲ လည်းရှိတတ်ပေသည်။ တစ်ခါတစ်ရံတွင်ဒေါသဖြစ်နေသောသူသည်ြံကုံတွေ့သမျှ မကျေနပ်ပဲရှိ နေတတ်ပေသေးသည်။ စင်စစ်အားဖြင့်လောကတွင် မည်သည့်အခါမျှ အားရကျေနပ် ရန်မလွယ်ကူပေ။ မည်မျှကောင်းသောအရာဖြစ်စကောမူ၊ မကျေနပ်စရာ ရှာဖွေလို့ရပေသည်။ အကောင်းတိုင်းတွင် အဆိုးရှိတတ်ပေသည်။
သန်းခေါင်လွန်လျှင် နံနက်အလင်းသို့ ပြန်ပြီးရောက်ရပေသည်။ တောင်ထိပ်လွန်လျှင်တောင်အဆင်းကိုတွေ့ရပေမည်။ထိုသဘောအတိုင်းပင် ဆင်းရဲဒုက္ခတို့၏အဆုံးတွင်သုခရောက်ရှိလာပေမည်။ သုခအဆုံးတွင်လည်းဒုက္ခရှိလေသည်။ တစ်ခု၏အဆုံးတွင်အခြားတစ်ခု၏ အစကို ဆိုက်ရောက်ကြရတတ်ပေသည်။ ထို့ကြောင့်မိမိဘ၀တွင် အဆိုးကိုကြုံတွေ့ရလျှင်လည်း စိတ်ပျက်အားငယ်ရန မလိုပေ။
အဆိုးထဲတွင်ရှိစဉ် အကောင်းအတွက် အားတတ်မျှော်လင့် နေရမည်ဖြစ်ပြီး အကောင်းထဲတွင် ရှိစဉ်အဆိုး ကိုခံနှိင်ရန်လည်း အသင့်ပြင်ပြီး ရှိရပေမည်။
5 years ago
No comments:
Post a Comment